Wednesday, May 1, 2013

`မြန်မာပြည်က အဘိုးအို(၁၉၄၀ နှစ်များ)

အမေရိကန် အနုပညာ။
ဝီလျမ် စမစ်၏
``မြန်မာပြည်က အဘိုးအို(၁၉၄၀ နှစ်များ)``...အမည်ရ ပန်းချီကား။
``အဖေကြီးတီးတဲ့ ရွှေကြေးစည်``...ဟုဆိုသော ရှေးဓာတ်ပြား သီချင်းတစ်ပုဒ်ကို ကျွန်ုပ်တို့လိုပင် သင်လည်း သတိတရရှိစေနိုင်သော ဤပုံကြမ်းပန်းချီကားကိုရေးဆွဲခဲ့သည့် ....ဝီလျမ်သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စကက်ခ်ျစာအုပ်နှင့် ပန်းချီကိရိယာတန်ဆာပလာများ အသင့်ယူဆောင်ကာ မြန်မာပြည်အပါအဝင် တရုတ်၊ ဂျပန်...စသည့် အရှေ့ဖျားနိုင်ငံများဆီသို့ ခရီးထွက်ခဲ့သူ ဖြစ်လေတော့သည်။ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်ယိုပြည်နယ်သားတစ်ဦးဖြစ်သူ ဝီလျမ်သည် ၁၉၃၂- ၃၆ တွင် တိုလဲဒိုမြို့က ``သီအိုဒို ကီးန် အနုပညာကျောင်း``နှင့် ၁၉၃၆-၃၈ တွင် ``တိုလဲဒို တက္ကသိုလ်``တွင် ပညာဆည်းပူးခဲ့သူဖြစ်ပေသည်။ သတင်းစာအသီးသီးတွင် ပုံဆွဲဆရာအဖြစ် တစ်နှစ်တာ အလုပ်လုပ်ခဲ့ပြီးနောက် သူသည် နယူးယောက်ရွှေမြို့တော်သို့ ပြောင်းရွှေ့ပြီးသည့်ကာလ ``ဂရင်း စင်ထရယ်အနုပညာကျောင်း(၁၉၄၂- ၄၃)``တွင် ပန်းချီပညာညွှန်ကြားသူတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ......သူသည်ကားဆိုလျှင် ကမ္ဘာ့အထင်ကရ ``ဂျုန်း မီရို``....``ဘင် ရှန်``တို့နှင့် ရောင်းရင်းမိတ်ဆွေ၊ ယူနက်စကိုလက်အောက်ခံဖြစ်သည့် ``အပြည်ပြည်ဆိုင်ရာ အနုပညာအဖွဲ့``၏ နာယက၊ ထို့ပြင် ဝီလျမ်သည် ``အမေရိကန် ရေဆေးပန်းချီအဖွဲ့``၏ အကြီးအကဲတစ်ဦးလည်း ဖြစ်ခဲ့လေ၏။ ....မြန်မာပြည်သို့ သူလာရောက်သည့် စစ်အတွင်းခရီးစဉ်သည် ကြမ်းတမ်းခက်ထန်နေသည်မှာ သေချာလှလေရာတွင် အဆိုပါဖြစ်စဉ်များနှင့် ကွဲပြားစွာ ...သာယာသံကို တီးခတ်နေသော မြန်မာအဘိုးအိုတစ်ဦး၏ ပုံရိပ်ကို သူ ရေးခြယ်ရာတွင် ``ငြိမ်းချမ်းရေးခံစားမှု``တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်နေမည်...ဟု ကျွန်ုပ်တို့က ထင်မြင်ယူဆမိပါကြောင်း။