Sunday, January 26, 2014

အမေရိကန် အနုပညာ။ ဝီလျံ မာရာဇီ၏ ``ဓမ္မရံကြီး(၂၀၁၀)``......အမည်ရ ပန်းချီကား။

အမေရိကန် အနုပညာ။
ဝီလျံ မာရာဇီ၏
``ဓမ္မရံကြီး(၂၀၁၀)``......အမည်ရ ပန်းချီကား။
.....Damayangyi Temple in Pagan(2010) By William Marazzi
သူ့ကိုယ်သူ အရှေ့တိုင်း-အနုပညာဝါဒီ ဟု ခံယူခဲ့၍...အထူးအားဖြင့် ဂျပန်၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံက ရှေးဟောင်းအမွေအနှစ်နေရာများစွာသို့ သွားရောက်ခဲ့လျက် .....ပန်းကနုတ် ထုံမွှမ်းသော အာရှ၏ အနုလက်ရာများအပေါ်ဝယ် သူ၏ ဈာန်ကွန့်မြူးမှု ဟူသည်က ရှိနေခဲ့လေသည်။ ``အင်း...၊ ငယ်ငယ်လေးကတည်းကပါပဲ၊ ကျုပ်ရဲ့ ဒီဝါသနာဗီဇ...ဆိုရာမှာက၊ အဲဒီကတည်းကပဲ ကမ္ဘာ့သမိုင်းတို့၊ နိုင်ငံရပ်ခြား ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို စိတ်ဝင်စားခဲ့တယ် ဆိုပါတော့။``ဟု ဝီလျံက ပြောဆို၏။ ပန်းချီနှင့် စပ်လျဉ်း၍မူ သူကိုယ်တိုင် လေ့ကျင့်ရေးဆွဲ၊ သူနေထိုင်ရာ မန်ဟက်တန်က ``မက်ထရိုပိုလီတန် မျူဇီယမ်``လိုမျိုး ပြတိုက်တွေ၊ ဂယ်လာရီတွေ လျှောက်သွား၍ တပါတည်း ယူဆောင်လာသည့် ရောင်စုံခဲတံ၊ ဖယောင်းတောင့်တွေနှင့် ....ကျော်ပေ့ဆိုသည့် ပုံကားကြီးများကို သူ ကူးယူရေးဆွဲ လေ့လာခဲ့ပုံ၊ ၁၉၇၃ မှာတော့ သူသည် ``အက်ဘ်စထရက်-အိတ်စပရက်နစ်ဇင်``ပန်းချီဆရာအဖြစ် တရားဝင် ခံယူခဲ့ပုံ၊ နောက်နှစ်များတိုင်တော့လည်း သူ၏ မူလဗီဇစိတ်ဖြစ်သည့် အရှေ့တိုင်း အနုပညာဒဿနဆိုသည်က သူ့ကို ``ရီရယ်လစ်ဇင်သမား``တစ်ဦးအဖြစ် တကယ်တမ်း ရှင်သန်နေစေခဲ့ပုံ။ .....သူ ကောလိပ်ကျောင်းသားဘဝတွင် ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ ဘာသာရပ်ကို ယူခဲ့၍ .....အထူးပြုဘာသာရပ်မှာ ``ဂျပန်-ယဉ်ကျေးမှုဖြစ်စဉ်``ဖြစ်ခဲ့ပုံ၊ ....အရှေ့တိုင်းကို ချစ်သည့် သူ့မနောစိတ်က ထိုမျှနှင့် မပြီးပဲ အမေရိကန်ပြည်ထောင်စုမှသည် ....ဂျပန်ပြည်၊ ကျိုတိုမြို့သို့ ပြောင်းရွှေ့သွားခဲ့ကာ ထိုမြို့၏ ရှေးရိုးသစ်သားအိမ်လေး တစ်အိမ်တွင် နေထိုင်ပြီးသည့်ကာလ ဂျပန်ဘာသာစကားကို တဖက်မှ သင်ယူလေ့လာရင်း..... အေးချမ်းသာယာ၍ ရှေးကျသော ပတ်ဝန်းကျင်တခိုက လူနေအိမ်ခြေတွေ၊ ဗုဒ္ဓဘာသာ ကျောင်းတော်တွေဆီသို့ သွားရောက်ကာ ရိုးရှင်းလှပသည့် ရေဆေးပုံကားများကို ရေးဆွဲလျက် သူ နေပျော်နေခဲ့ပေသည်။ ပန်းချီဆရာ ဝီလျံ၏ ပညာရပ်လိုက်စားမှုဆိုသည်က အငမ်းမရဖြစ်နေပုံမျိုး၊ အခုလိုမျိုး ယဉ်ကျေးမှုနှင့် ....အရှေ့တိုင်း ဒဿနနှင့် အနုပညာများတွင် ပေါ့လေ။ မြန်မာပြည်သို့လည်း သူ ရောက်ရှိလာခဲ့လျက် ပုဂံရှုမျှော်ခင်း ပုံကားများစွာကို ခြယ်ရေးခဲ့ကာ ထိုလက်ရာမွန်းများထဲတွင်.....``ဓမ္မရံကြီး``အမည်ရသည့် ဤပန်းချီကားတစ်ချပ်လည်း အပါအဝင်ဖြစ်ပေသည်။ နောက်မှ ဖြည့်စွက်ပုံရသည့် သူ၏ ကောင်းကင် အပြာနု၊ ရာစုဆီများစွာဆီသို့ ပြန်လည် ရောက်ရှိသွားစေနိုင်သည့် .....စီပီယာအရောင်လေးများ၊ တည်ငြိမ်နေခဲ့သည့် စေတီတော်၊ ထိုရှေ့က လှည်းလမ်းကြောင်းကလေး၊ နွေရာသီ၏ မြေနီနီဖျော့ဖျော့လေးများ၊ ထနောင်းပင် စိမ်းလဲ့ကိုပင် ကျွန်ုပ်တို့ မြင်တွေ့ခွင့် မရ၊ အင်း...ဤဝီလျံက ရှေးဟောင်းဝါဒီ ပန်းချီဆရာတစ်ဦးဖြစ်နေ၍ လန်းဆတ်မှုများ ဆိုသည်နှင့် ကျွန်ုပ်တို့အား ဆက်စပ်ပေးလိုခဲ့ပုံ မရပေ။ လက်ရှိ သူ နေထိုင်ရာ ကျိုတို ရှေးမြို့တော်မှာပင် ``မက်ဒေါ်နယ်လ်စ်``လိုမျိုး အထင်ကရ ကော်ဖီဆိုင်များ၏ မြင်တွေ့ရမြဲ ``M``အမှတ်တံဆိပ်-ဆိုင်းဘုတ်နီနီများသည်ပင် အတိတ်၏ အရိပ်အငွေ့ကို ပျက်ပြားစေနိုင်၍ ထိုမြို့၏ အထူးနေရာများတွင် ``အဝါရောင်``အဖြစ် ပြောင်းလဲချိတ်ဆွဲစေသည် မဟုတ်ဖူးလား။ .....ပေါင်းမိုးလှည်းကလေးတစ်စီးက ဓမ္မရံကြီးစေတီတော်၏ ရှေ့မှ ဤခေတ်ကြီးနှင့် ဘာမျှပတ်သက်မနေသလို နှေးဖြေးစွာ ဖြတ်မောင်းသွားနေခဲ့သည် ....စသည်ဖြင့် အမေရိကန် အနုပညာလက်ရာမွန် ပုံကားတစ်ချပ်အပေါ်ဝယ် ကျွန်ုပ်တို့ သုံးသပ်ဖော်ပြလိုက်ရပေတော့သည်။

Thursday, January 23, 2014

ချားလ်စ် ရောဘတ်ဆင်၏ ``ရန်ကုန်(၁၈၈၀ နှစ်များ?)``.....အမည်ရ ပန်းချီကား။


ဗိတိန် အနုပညာ။
ချားလ်စ် ရောဘတ်ဆင်၏
``ရန်ကုန်(၁၈၈၀ နှစ်များ?)``.....အမည်ရ ပန်းချီကား။
.....Rangoon(1880's?) By Charles Robertson
မိုးနှောင်း၍ ဆောင်းဝင်စကာလ ဖြစ်ခဲ့မည်၊ ထိုရက်များ၏ တစ်ခုသော
နေဝင်ရီသရော အချိန်၌ ချားလ်စ်သည် ရွှေတိဂုံစေတီတော်၏ အရိပ်၊
စောင်းတန်းအခြေရှိ ကျယ်ဝန်းလှသည့် မြက်ခင်းတစ်နေရာသို့
ရောက်ရှိနေခဲ့ပုံရလေ၏။ အရိုင်းပေါက်ရောက်နေကြသည့် မြက်ခင်းများက
စိမ်းစိုစို၊ အရွက်ဖြာသည့် တစ်ခုသော အုန်းပင်ရှည်မျောလေး၏ အရိပ်အောက်မှာ
လွမ်းမောစရာ အရှေ့တိုင်း ရှုခင်းကို သူ ထိုင်၍ ငေးနေခဲ့သည်မှာ
နာရီအတန်ကြာမျှ ရှိနေခဲ့လေပြီ။ ပင်လယ်ကမ်းခြေ မြို့တစ်မြို့ဖြစ်သည့်
ရန်ကုန်တွင် အပူပိုင်းဒေသ ပေါက်ပင်များဖြစ်သည့် ကုက္ကို၊ ပိတောက်နှင့်
သစ်တိုပင်လိုမျိုး အုံ့မှိုင်းမှိုင်း အပင်တွေကြားမှာ
အုန်းပင်အုပ်စုလေးတွေကို ဟိုမှာသည်မှာ သူ မြင်တွေ့ရတတ်လေ၏။
သူ့မျက်လုံးများနှင့် အခုပင် မြင်တွေ့နေရသည့်
အုန်းပင်မြင့်မြင့်လေးတွေကတော့ သူတို့၏ ပေါက်ရောက်ပုံ
ဟန်ပန်များကိုယ်၌ကပင် ကဗျာဆန်နေသလို ယူဆရကာ ထိုအပင်များကို ကျော်လွန်၍
ကြည့်လိုက်သည်နှင့် ကျွန်းသစ်ဖြင့်ပြီးသည့် ရှေးလက်ရာ စေတီစောင်းတန်း၊
လှပသော ထိုအမိုးအောက်များအောက်တွင်မူ ရှည်လျားသော လှေခါးထစ်များရှိ၍
......ကုန်းမြင့်ထိပ်ရှိ ရွှေစေတီသို့ တက်ရောက်ဖူးမြော်ရာ
စင်္ကြန်လမ်းဖြစ်သည့် ဤစောင်းတန်းသည် အပြင်ဖက်မြင်ကွင်းအရ ဟင်္သပြဒါးရောင်
နီနီ စုလစ်မွန်းချွန်များနှင့် လှပနေခဲ့ကြကာ အရှေ့တိုင်းဗိဿုကာ
ပီပြင်ခန့်ညားပါပေသည်။ ဤနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏
ဥပုသ်သီတင်းဆောက်တည်ရာ နေ့တစ်နေ့ဖြစ်ကြောင်း၊ နံနက်စောစောမှပင်
စေတီရင်ပြင်တော်ပေါ်သို့လည်း သူ ရောက်ခဲ့သည့်အလျောက် ရွှေတိဂုံသို့ တဖွဲဖွဲ
လာရောက်ဖူးမြော်ကြသည့် မြို့သူမြို့သား၊ ရဟန်းရှင်လူ ပရိသတ်များ၊
ပန်းရေချမ်းကပ်သူ၊ .....ကြေးစည်သံတဝေဝေနှင့် ဆွမ်းလောင်းလှူသူများ၊
ဇရပ်တန်ဆောင်းများတွင်လည်း ဥပုသ်သည်များ စသည်ဖြင့် စည်ကားနေခဲ့ပေသည်။
ချားလ်စ်သည် တစ်နေ့လည်ခင်းလုံး စေတီရင်ပြင်တော်ပေါ်တွင် ရှိနေခဲ့ပြီး
ညနေစတင်စတွင် စောင်းတန်းအတိုင်း ဆင်းလာခဲ့ကာ
ဤနေရာမြက်ခင်းစိမ်းစိမ်းလေးတွင် ခဏတဖြုတ်ဆိုသလို ရှုခင်းငေးရင်း
နားနေခဲ့ခြင်း ဖြစ်လေ၏။ ပိုးပုဝါပေါင်းသည့် မြန်မာ လူကြီးလူကောင်းများသည်
အုန်းပင်ရိပ်တွင်ထိုင်ကာ တရားဓမ္မများဆွေးနွေးနေခဲ့ကြလျက်၊
.....ပိုးဖဲအဝါ-အပြာထမီ၊ အင်္ကျီအဖြူလေးများနှင့် သေသပ်စွာ ဝတ်ဆင်ထားကြသည့်
ဆံရစ်ဝိုင်း မိန်းမငယ်နှစ်ဦးသည် လှပသော ထီးကလေးတစ်ချောင်းကို
ဆောင်ယူလာရင်း စကားတပြောပြောနှင့် သူ့အနီးအနားမှ ဖြတ်လျှောက်သွားကြလေသည်။
သူတို့သည် စောင်းတန်းဈေးဆိုင်များရှိရာသို့ ဦးတည်သွားနေကြကာ ခုနပင် သူ
မြင်တွေ့ခဲ့ရသေးသည့် စောင်းတန်းဈေးက လက်ရာမွန် ယွန်းထည်များ
ဝယ်ယူရန်ဖြစ်မည်...ဟု သူက တွေးထင်လျက် ရှိလေသည်။ .......ဗြိတိန်
ပန်းချီကျော် ချားလ်စ် ရောဘတ်ဆင်(၁၈၄၄- ၉၁)သည် ရှုမျော်ခင်း
ပန်းချီဆရာတစ်ဦးဖြစ်၍....သူက မြင်ကွင်းကို တိုက်ရိုက်ပင် တစ်ထိုင်တည်း
ခြယ်ရေးလေ့ရှိသူ၊ ပြီးတော့ သစ်ထွင်းပန်းချီဆရာတစ်ဦးလည်း ဖြစ်ပြန်သေးသည်။
ချားလ်စ်သည် ဗြိတိန်အပြင်ဖက်သို့ထွက်ကာ ကမ္ဘာအနှံ့သို့
လျှောက်သွားနေတတ်သူ၊ ၁၈၆၂၊ ...သူ့အသက် တစ်ဆယ့်ရှစ်နှစ်မှာပင်
အယ်ဂျီးရီးယားသို့ အစောဆုံး ခရီးထွက်ခဲ့၍ ထို့နောက်တော့ တူရကီ၊ အီဂျစ်၊
တန်ဂီးယားစ်၊ ဂျေရုစလင်နှင့် ဒမတ်စကတ်သို့တိုင် သွားရောက်ဖြစ်ခဲ့ကာ သူ
ရေးဆွဲဖြစ်ခဲ့သည့် အရှေ့တိုင်းအတွေ့အကြုံ ထိုပန်းချီကားများကို
လန်ဒန်မြို့ရှိ တော်ဝင်အနုပညာအကယ်ဒမီတွင် ပြပွဲခင်းကျင်း
ပြသနိုင်ခဲ့လေသည်။ ၁၈၆၃- ၈၅ နှစ်များအတွင်း ဗြိတိန်အကယ်ဒမီတွင်
ပြသဖြစ်သမျှ ပုံကားအများစုမှာ ဆီဆေးလက်ရာများဖြစ်ကြ၍ ၁၈၈၀ တွင် သူသည်
ရေဆေးပန်းချီဖက်ဆီသို့ သူ့အာရုံက ပြောင်းလဲ ရောက်ရှိသွားခဲ့ကာ ၁၈၈၄ မှ
သည်ဘက်ပိုင်းတွင်မူ ချားလ်သည် ထိုနည်းနာကိုသာ အဓိကအားဖြင့် စွဲမြဲစွာ
ခြယ်ရေးနေခဲ့တော့သည်။ လက်ရာမွန်ဖြစ်သည့် အရှေ့တိုင်း ရှုမျှော်ခင်းဆိုင်ရာ
သူ၏ ပုံကားများသည် တစတစ အောင်မြင်ကျော်ကြားလာခဲ့သည့်အလျောက် ဗြိတိန်
``တော်ဝင်ရေဆေးပန်းချီဆရာများအဖွဲ့၊ ....တော်ဝင်ပန်းချီနှင့်
သစ်ထွင်းအနုပညာရှင်များအဖွဲ့``တို့တွင် လူကြီးမင်းတစ်ဦးအဖြစ်
တလေးတစားနှင့် ရွေးချယ်ခံခဲ့ရသူ ဖြစ်လေသည်။ ချားလ်စ် ရောဘတ်ဆင်သည်
ပန်းချီနည်းနာ အတတ်ပညာ နိသျှကုန် ကျွမ်းကျင်သူ၊ ပြီးတော့
ကမ္ဘာအနှံ့လွန်စွာ ခရီးသွားလာသူ၊ အရှေ့အလယ်ပိုင်းနှင့်
အရှေ့တိုင်းနိုင်ငံဆိုင်ရာ တောက်ပသည့် အရောင်များနှင့် ခြယ်ရေးထားသည့်
သူ၏ လက်ရာမွန် ပန်းချီကားများအတွက် ကျော်ကြားသူ၊ အခုလိုမျိုး
``ရန်ကုန်``အမည်ရသည့် ပန်းချီကားအပါအဝင် သူ၏ ဘဝ
နှောင်းပိုင်းလက်ရာများသည် သူ ရေးသမျှထဲတွင် လိုလေးသေးမရှိ၊
အပြီးပြည့်စုံဆုံးသော ပန်းချီကားများ ဖြစ်ကြသည်...စသည်ဖြင့် သူ့ကို
စောင့်ကြည့်လေ့လာခဲ့ကြသည့် ပန်းချီအကဲခတ်များက ဆို၍ နေကြလေသည်။
 

Monday, November 25, 2013

အမေရိကန် အနုပညာ။ လူစီ ဂရေ့ဗ် မက်ဗေကာ၏ ``မြန်မာ့လယ်တော-၂(၂၀၀၇)``......အမည်ရ ပန်းချီကား။


အမေရိကန် အနုပညာ။
လူစီ ဂရေ့ဗ် မက်ဗေကာ၏
``မြန်မာ့လယ်တော-၂(၂၀၀၇)``......အမည်ရ ပန်းချီကား။
......Rice Fields(2007) By Lucy Graves-McVicker
သူမ၏ ``မြန်မာ့လယ်တော-၁``ကို တင်ဆက်ခဲ့ဖူး၍ ကျွန်ုပ်တို့၏ အနုပညာချစ်သူများ၏ ထိုက်သင့်သည့် နှစ်ခြိုက်မှုကို ရရှိခဲ့သည့်အလျောက် .....ဤပုံကားလေးသည်လည်း အဆိုပါပန်းချီဇာတ်လမ်းတွဲ၏ အဆက်ဖြစ်လေရာတွင် သူမ၏ နုရွလှပသည့် လက်ရာမွန်နှင့် တကျော့ပြန် ဆုံစည်းဖြစ်ကြခြင်း.....ဟု ဆိုရပေတော့မည်။ လူစီ၏ အနုပညာဘဝအကြောင်းကို ဤအနုပညာမှ ဖော်ပြခဲ့ဖူး၍ ....``ပရင်စီပီယား ကောလိပ်``မှ အနုပညာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီးနောက် သူမ၏ အနုပညာလေ့လာမှုကို``ပါဆန်စ် ဒီဇိုင်ကျောင်းတော်``....နယူဂျာစီပြည်နယ်က ``ရပ်ဂျားစ် တက္ကသိုလ်၊ ဘရော့စကီ စင်တာ``တို့တွင် ဆက်လက်လေ့လာခဲ့ပုံ၊ ၁၉၉၀ မှသည် ပန်းချီတင်ဆက်မှုပေါင်း ၈၀-ကျော်မျှ ရှိခဲ့ပုံ၊ နယူးယောက်ပြည်နယ်မှ ပေးအပ်သည့် ရွှေတံဆိပ်အပါအဝင် ဂုဏ်ပြုအပ်သည့် အနုပညာရှင် စာရင်းဝင်အဆင့် ပေးအပ်ခံရမှုများ.....စသည်ဖြင့် ကျွန်ုပ်တို့ ဖော်ပြခဲ့ဖူးသည်ကို မိတ်ဆွေများ သတိတရရှိနေကြမည် ထင်ပေသည်။ ပြီးခဲ့သော ၂၀၀၆ တွင်ကား လူစီသည် မြန်မာပြည်သို့ ရက်သတ္တ သုံးပတ်ကြာမျှ အလည်အပတ်ရောက်ရှိခဲ့၍ ....ဤတိုင်းပြည်၏ သဘာဝအလှတရားတွင် လွန်စွာ အထင်ကြီးမိခဲ့ကြောင်းဖြင့် သူမက ဆိုလေတော့၏။ ``အထူးအားဖြင့်တော့....သံပုရာစိမ်းအရောင်နဲ့ လှနေကြတဲ့ လယ်ကွင်းတွေ၊ ပျိုးခင်းလဲ့တွေ၊ ...တောင်တန်းတွေ၊ နောက်ပြီးတော့ ကောင်းကင်အပြာတွေ မြင်တွေ့ရတဲ့အခါ။ ....အဲ၊ ထည့်ပြောရမှာကတော့ ချောမောတဲ့ လူတွေ....ဒေသခံတွေ။``ဟု သူမ က ပြုံးရွှင်စွာ ပြောပြခဲ့ကြောင်း။ ဤပန်းချီဆရာမ၏ ``မြန်မာ့လယ်တော-၁``ကိုမူ မကြာမီကပင် ရောင်းချပြီးဖြစ်၍ သူမက စိတ်ကျေနပ်နေပုံရကာ ဒါကလည်း သူမ အထင်ကြီးအံ့သြမိသည့် မြန်မာ့ရှုမျှော်ခင်း....၏ အောင်မြင်ထင်ပေါ်မှုကို ပြသနိုင်ခဲ့၍ ဖြစ်ပေမည်။ ဤဆီဆေးပုံကားလေးက ရေမင်းသား ဆရာဆောင်၏ လက်ရာအရောင်ပါးပါးလေးများနှင့်ပင် ဆင်ဆင်တူသလို ယူဆရပေသေးတော့၊ ....မြက်ခင်းလဲ့လဲ့၊ နှင်းသွဲ့သွဲ့တို့သည် သင်းဖွဲ့၍ နေကြလေသလော။ အစိမ်းအဝါရောသည့် ကောက်နှံများသည် .....ခုလို ဖုံးတုန်းလုံးတုန်း- တန်ဆောင်မုန်းလကိုပင် ဆိုလိုနေကြပုံရ၍ အဆိုပါရာသီဖွဲ့ ပန်းချီကားတစ်ချပ်ကိုပင် သူမ ရေးခြယ်ခဲ့လေသလော။ ခြုံပုတ်တွေကြားက လယ်တဲလေးတစ်လုံး၊ ထန်းပင် အုပ်စုလေးများ မှုန်ရီစ၊ .....သူမ နှစ်ခြိုက်သော တောင်တန်းလေးတွေကို ခြယ်ရေးထားသည်က ရေဆေးအကြည်ပန်းချီများတွင်သာ အထူးတလည် မြင်တွေ့ရသည့် စုတ်ချက်လေးတွေမျိုး၊ ....ကိုရွှေဖားတို့၏ အော်မြည်သံ၊ ရေဆင်းသောက်သည့် ဗျိုင်လေးများသည်ကားဆိုလျှင် ဝိုးတဝါး၊ လယ်ကသင်းမှာ ပုစွန်လုံးလေးများလည်း ဟိုသည် ပြေးလွှားချင် ပြေးလွှားနေခဲ့ကြမည်။ လယ်သူမလေးတွေကတော့ ဟိုဝေးတောအုပ်ထဲမှ အခုမှ လှမ်းလျှောက်လာဆဲ ဖြစ်ပေသလော၊ သူတို့၏ အရိပ်အခြေကို ကျွန်ုပ်တို့ မမြင်တွေ့၍ ဖြစ်ကာ ....လူစီက သူမ၏ လက်ရာမွန်ကို ``ရှုမျှော်ခင်း ၁၀၀%``အဖြစ်သာ ချဉ်းကပ်ဖွဲ့နွဲ့လိုပုံရကြောင်း...စသည်ဖြင့် ကျွန်ုပ်တို့၏ ``အနုပညာ``က တစုံတရာ ဟောကိန်းထုတ် တွက်ချက်နေမိပေတော့သည်။
— with သျှင်လေ ညင်း.

Friday, November 22, 2013

ရပြင်ပုံရိပ်ထင်(၂၀၁၀ နှစ်များ)``.

အမေရိကန် အနုပညာ။
ဒေးဗစ် ဒယ်လီဆင်၏
``ရေပြင်ပုံရိပ်ထင်(၂၀၁၀ နှစ်များ)``.......အမည်ရ ပန်းချီကား။
......Life Reflections, Burma(2010's)By David E. Dallison
သူ၏ ချစ်စရာ့ ပန်းချီကားအချို့ကို ကျွန်ုပ်တို့၏ ``အနုပညာ``မှ စီစဉ်တင်ဆက်ခဲ့ဖူး၍ ....ဥပမာ။ ။ လယ်ကွင်း စိမ်းစိမ်း၊ ပျိုးခင်း လဲ့လဲ့၊ စေတီဖြူဖြူလေးတွေကြားထဲက.....အင်းလေးကျေးလက် ဘုန်းတော်ကြီးကျောင်း မြင်ကွင်းလေးတစ်ခု၊ ထိုစဉ်တုန်းက ဖြစ်ပေါ်ခဲ့သည့် မိုးဥတု.....လူသူမနီး တောရကျောင်းသင်္ခန်းလေးပင်ဖြစ်နိုင်သည့် ထိုပုံကားလေးကို မိတ်ဆွေများ သတိတရရှိနေကြဦးမည် ထင်မိ၏။ ......သူသည် ကွင်းပြင်သို့ ထွက်ကာ ပန်းချီရေးဆွဲရခြင်းတွင် မွေ့ပျော်သူ တစ်ဦးတစ်ယောက်၊ ကမ္ဘာပေါ်က နေရာအတော်များများဆီသို့ ခရီးသွား၊ သူ နှစ်ခြိုက်သည့် ရေဆေးအနုပညာများ ဖန်တီးနေခဲ့။ ပြီးတော့ သူသည် သဘာဝပတ်ဝန်းကျင်ထဲမှာ သူကိုယ်တိုင်ကိုယ်ကျ ရှိနေရင်း..... မြက်ခင်းလယ်ကွင်းတွေနှင့် ကောင်းကင်နှင့် လေထုတွေကြားထဲမှာ ရှုမျှော်ခင်းကားတွေကို ရေးဆွဲ၊ ထိုသို့သော တကယ့်အလင်းတွေက သူ၏ ဉာဏ်ကွန့်မြူးမှုကို ပိုမိုနေစေသည့် သဘောမျိုး၊ ဒေးဗစ်က ပြောသည်မှာ ``..... အဲဒီလိုမျိုး ဟိုသည်ဆိုသလိုပဲ ခရီးတွေထွက်၊ ရေးဆွဲဖြစ်တဲ့ ပန်းချီကားတွေနဲ ကျုပ်တစ်ယောက့် ပျော်ရွှင်ကျေနပ်မိရင်း ဒါတွေက ကျုပ်ရဲ့ မှတ်ဉာဏ်တွေကို စုစည်းပေးထားတဲ့ သဘောမျိုးပါပဲ။``ဟု ဆိုသည်။ .....ဒယ်လီဆင်၏ ဖခင်ဖြစ်သူကလည်း ပန်းချီအနုပညာသမားတစ်ဦး၊ ကျော်ကြားသည့် အလပ်စထရေတာ တစ်ဦး၊ .....၃၅ ဆင့်တန် အမေရိကန် စာပို့တံဆိပ်ခေါင်းများကို ဖန်တီးသူ၊ ပြီးတော့ မဂ္ဂဇင်းစာစောင်တွေမှာ အောင်မြင်သည့် သရုပ်ဖော်ပုံကားများကို ရေးဆွဲသူဖြစ်ခဲ့ပုံ၊ သူ ငယ်စဉ်က ဖခင်၏ ပန်းချီစတူဒီယိုမှာ နေထိုင်ကျင်လည်ခဲ့ရင်း ဖခင်ထံမှ သင်ယူစရာတွေ များစွာ ရရှိခဲ့၊ ..... ၁၉၈၇ တွင် တိုရန်တိုမြို့ရှိ အနုပညာကျောင်းမှ ကျောင်းပြီးခဲ့၍ ......နောက်တော့ ဒေးဗစ်သည် ချီကာဂိုမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း။ ထိုမြို့တွင် ``လက်မှတ်ရောင်းသမား``လိုမျိုး သရုပ်ဖော်ပုံတွေကို စီးရီးစ်လိုက် ရေခဲ့ရင်း .....နန်စီ ဟော့ဖ်မင် အမည်ရသည့် အနုပညာစုဆောင်းသူတဦးက သူ့လက်ရာတွေကို မြင်တွေ့နှစ်ခြိုက်သွားခဲ့ရာမှ ဗင်းနစ်ပန်းချီပြပွဲတွင် သူ့လက်ရာမွန်တွေ တင်ဆက်ဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပုံ....စသည်ဖြင့် ဒေးဗစ်က သူ့ဘဝအကြောင်းအရာများကို ပြောပြခဲ့ဖူးသည်။ .....ဤပုံကားလေးကရော သူ ပြောပြသည့် သဘာဝအလင်းကိစ္စတွေ မည်သို့ကွန့်မြူး လှပနေခဲ့ကြပါစ။ အင်းလေးတွင် ဖြန့်ကြဲကြနေကြသည့် မနက်ခင်းနေတွေ၊ .....နုနယ်သည့် နေမှုန်တွေ....ဟု သူက ဆိုလိုချင်ပုံရ၍ အဲဒီလိုမျိုးခြယ်ရေးခဲ့ရိုးမှန်လျှင်လည်း သူ့ဆေးစက်တွေက သူပြောသလို အတိအကျ ကွက်တိမျှသာပါပဲ။ ကန်ရေပြင်ပေါ်က မျောပေါ်နေသည့် မြေလွှာပြင်သေးသေးလေးမှာတော့ ဘုံအဆင့်နှင့် ဘုန်းတော်ကြီးကျောင်းလေးတစ်ကျောင်းပေလား၊ ဟိုး....နောက်ဖက်ဆီသို့ သင် ရှုမြော်မည်ဆိုလျှင် .....ရွာကလေး၏ နေအိမ်သွပ်မိုးလေးတွေ၊ အထားအသို၊ အနီးအဝေး ကျနသေသပ်စွာ၊ ....သူ ရှိနေစေချင်သည့် အလင်းပါးပါးများ၏ အောက်ဝယ် လှပသော ဒြပ်အရာရာကို ကျွန်ုပ်တို့ ရှုမြင်ခံစားကြရနိုင်လေ၏။ ရာသီက အမြဲလို အေးမြနေတတ်၍ မိုးအေးသည့် မနက်ခင်းလေးမှာ .....ဤနေအလင်းဖြင့် ကြည့်ရှုသူ ကျွန်ုပ်တို့အား တစုံတရာ နွေးထွေးသွားစေနိုင်ခဲ့သလို၊ ဝါးခြံစည်းရိုးနှင့် ရိုးရှင်းသော အင်းလေးက ပန်းနီနီလေးတွေနှင့် ခြံဝန်းလေးတစ်ခု၊ အစိမ်းနုရောင်လေးတွေရှိသည့် ခြံဝန်းခရိုးက သစ်ပင်နှစ်ပင်၊ ....အဲ...ထိုမျှမကသေးပဲ နောက်ထပ်အပင်ပေါက်စလေးတွေလည်း ရှင်သန်ပေါက်ရောက်နေခဲ့ကြလျက် .....ဤအစိမ်းရောင်များက သူ့ပုံကား၏ အရေးပါသော အရာများဖြစ်ခဲ့ကြမည်...ဟု ကျွန်ုပ်တို့ ယူဆလိုသည်။ ပြာလဲ့သည့် ကန်ရေပြင်ဝယ် မနက်ခင်းအလုပ်ဆင်းသည့် လှေကလေးတစ်စီး၊ လှော်ခပ်လာသူသည် ပင်နီချည်ထည်ဝတ်သည့် အပျိုမလေးတစ်ဦးပေလော။ သူမ၏ လှေကလေးသည် ဤနေရာလေးကို ဖြတ်သန်း၍ ခပ်ဝေးဝေးတစ်နေရာက ကျွန်းမျောခရမ်းချဉ်ခင်းများဆီသို့ သွားရောက်နေခဲ့ခြင်းပေလော။ ဤလှေခရီးသွားလေးတစ်ဦးကြောင့်ပင် ရေပြင်မှာ လှိုင်းဂယက်လေးတွေ ဖြစ်ပေါ်လာကြရကား စောစောက ကျွန်ုပ်တို့ ပြောပြခဲ့သည့် သစ်ပင်ပန်းမာလ်နှင့် ခြံဝန်း၊ ထိုသည်အကြိုအကြားထဲမှ လင်းရိပ်မှောင်ရိပ်များ၊ ဘုံအဆင့်နှင့် ကျေးလက်နေအိမ်၊ ကောင်းကင်အပြာနှင့် နေမှုန်များ....ဟူသည် အရိပ်ထင်သည့် ရေလွှာပြင်ဝယ် .....သက်ဝင်လှုပ်ရှားသွားခဲ့ကြရလေတော့သည်။ .......အမေရိကန်ပန်းချီဆရာအနေနှင့် ဤပုံကားလေးတွင် အဓိက သူ ပြောပြနေချင်သည့် အရာ...ဆိုသည်မှာလည်း နုနယ်လှပသော မနက်ခင်း၏ နေခြည်မှ စတင်ခဲ့လေသည့် ဤ``အရောင်ရွေ့လျားမှုများ``ဖြစ်မည်ဟု ကျွန်ုပ်တို့ သဘောရမိခဲ့ပါကြောင်း။

Saturday, September 21, 2013

ဗိတိန် အနုပညာ။ နိုရာ နယ်လ်ဆင် ဂရေး၏ ``မြန်မာထီးလေးနှင့် မိန်းမငယ်(၁၉၂၅)``.....အမည်ရ ပန်းချီကား


ဗိတိန် အနုပညာ။
နိုရာ နယ်လ်ဆင် ဂရေး၏
``မြန်မာထီးလေးနှင့် မိန်းမငယ်(၁၉၂၅)``.....အမည်ရ ပန်းချီကား။
ဂရေး(၁၈၈၂- ၁၉၃၁)သည် နာမည်ကျော် ``ဂလပ်စ်ဂေါလ်``ကျောင်းထွက်ပန်းချီဆရာမတစ်ဦးဖြစ်ကာ မကြာသေးမီ ၂၀၁၀၊ ဇူလိုင်- သြဂုတ်လများဆီက ခကုဘရိုက်မြို့တွင် ကျင်းပသည့် ``ဂလပ်စ်ဂေါလ် မိန်းကလေးများ``အမှတ်တရ ပန်းချီပြပွဲတွင် သူမ၏ ပုံကားများကို တင်ဆက်ခဲ့ကြောင်း ....စသည်ဖြင့် ကျွန်ုပ်တို့ သတင်းရရှိခဲ့လေ၏။ ငယ်စဉ်အခါကပင် ပန်းချီပိုးပါခဲ့သူဖြစ်ခဲ့ရာတွင် သူမ၏ ဇာတိဖြစ်သည့် ဟယ်လင်ဘတ်ခ်မြို့က ဒေသခံ ပန်းချီဆရာကျော် နှစ်ဦးထံပါးဝယ် ပညာရင်နို့ သောက်ခဲ့ပြီးသည့်ကာလ .....၁၉၀၁ တွင် မိသားစုလိုက် ဂလပ်ဂေါလ်မြို့သို့ ပြောင်းရွှေ့သွားခဲ့သဖြင့် ထိုသည့်``ဂလပ်စ်ဂေါလ် အနုပညာကျောင်း``တွင် ခြောက်နှစ်ခြောက်မိုး ပန်းချီပညာ သင်ရိုးကုန် သင်ကြားခဲ့လေသည်။ အထူးအားဖြင့် ဂရေးသည် ဘယ်လ်ဂျီယံဆရာ ဂျင်း ဒယ်ဗီလီနှင့် ဖရာ နယူးဘယ်ရီတို့၏ လက်ကျ တပည့်ကျော်မလေးဖြစ်ခဲ့၍ ကျောင်းပြီးသည့်အခါသမယ .....ထိုကျောင်းတော်မှာပင် ဆရာမ ပြန်လုပ်ရင်း ကျော်ကြားသည့် ပုံကားများစွာကို ခြယ်ရေးခဲ့လေသည်။ ၁၉၁၀ တွင် သူမ၏ ပေါ့ထရိတ်ပန်းချီများပြပွဲကို ခင်းကျင်းနိုင်ခဲ့ပြီး ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာချိန်တွင် ဂရေးသည် ပြင်သစ်စစ်မျက်နှာပြင်သို့ သူနာပြုဆရာမအနေနှင့် သွားရောက်ခဲ့ရပြီး ထိုမြေတွင် ပန်းချီနှင့် မင်ခြစ်ပုံကြမ်းများစွာကို ရေးဆွဲနိုင်ခဲ့၏။ သူမ၏ ပုံကားများကို ``တော်ဝင် စစ်သမိုင်းပြတိုက်``နှင့် အခြားဂယ်လာရီများတွင် စုဆောင်းထားရှိပြီး ဤဆရာမ ဂရေးသည် ``တော်ဝင် ဂလပ်စ်ဂေါလ် အနုပညာအကယ်ဒမီ``.... သြဇာညောင်းသူများကော်မတီ၏ ပထမဆုံး ပန်းချီဆရာမအဖြစ် ရွေးချယ်ခြင်းခံယူရသူတစ်ဦး ဖြစ်လေတော့သည်။ ...ထိုစဉ်ကာလ သူမသည် ``မြန်မာပြည်``သို့ ရောက်ခွင့်မကြုံခဲ့သည့်တိုင် အရှေ့တိုင်း၏ ကျော်ကြားသော မြန်မာပြည်က အထူးတလည် ရောက်ရှိလာခဲ့သည့် .......လှပသော ထီးကလေးတစ်လက်နှင့်မူ လက်ဆောင်မွန်ရ ရေစက်ဆုံခဲ့ကာ အခုလိုမျိုး ဘိလပ်သူလေးတစ်ဦး၏ ပုံရိပ်နှင့်အတူ မြန်မာရနံ့လေးကို ထည့်သွင်းရေးဖွဲ့ထားလေရာတွင် လွန်စွာ ချစ်စရာကောင်းလျက် လှပတင့်တယ်ကြောင်းဖြင့် ကျွန်ုပ်တို့ မှတ်ချက်ပြုလိုပေတော့သည်။
Like ·  · Share · September · 

Sunday, September 15, 2013

`ပုဂံ မြင်ကွင်းကျယ်-၄(၁၈၅၅)

ဗြိတိန် အနုပညာ။
ကိုးလ်စ်ဝေါ့လ်သီ ဂရန့်၏
``ပုဂံ မြင်ကွင်းကျယ်-၄(၁၈၅၅)``....အမည်ရ ပန်းချီကား။
ကျွန်ုပ်တို့၏ ဖိုင်လ်များထဲမှ မွှေနှောက်ရရှိသမျှ ....ဂရန့်၏ ပုဂံမြင်ကွင်းကျယ် ပန်းချီကား လေးချပ်မျှရှိရာတွင် ယခုတင်ဆက်မှုသည် ထိုရှေးဟောင်းနယ်မြေဆိုင်ရာ နောက်ဆုံးအပိုင်း ဖြစ်လေသည်။ ဤဆရာ ရေးဆွဲသည့် ``ဗူးဘုရား``ရှုမျှော်ခင်းပန်းချီကို ယခင်က သီးခြားဖော်ပြခဲ့ပြီးဖြစ်သဖြင့် ထိုကားကိုပါ ပေါင်းထည့်မည်ဆိုပါလျှင် ဤဗြိတိန်ပန်းချီကျော်သည် ပုဂံရှုမျှော်ခင်း ကားပေါင်း ငါးကားမျှ ရေးဆွဲခဲ့သည်...ဟု ဆိုနိုင်မည် ထင်မိပေသည်။ ....မြန်မာပြည်ဆိုင်ရာ သူ၏ အနုပညာဖန်တီးမှုများသည် ကားချပ်ရေ ဒါဇင်ပေါင်းများစွာ ရှိခဲ့သဖြင့် ကျွန်ုပ်တို့သည် အခါအားလျော်စွာဆိုသလိုပင် အပိုင်းလိုက် ဖော်ပြလျက်ရှိပါကြောင်း။ ......သို့နှင့် ကျွန်ုပ်တို့၏ ငယ်စဉ်တောင်ကျေး ကလေးဘဝနေ့ရက်များဆီက အဆိုပါပုဂံသို့ မွေးရပ်မြေ ကျောင်းတော်၏ လေ့လာရေးခရီး အစီအစဉ်ဖြင့် စတင်ရောက်ရှိခဲ့ဖူး၍ ထိုဒေသပတ်ဝန်းကျင်အပေါ် အံ့သြငေးမောဖြစ်ခဲ့ပုံကို သတိတရ ``မီမွားများ``အနေနှင့် ပြောပြဖြစ်ခဲ့ရာမှ .....ယာခင်းခရိုးတွင်ပေါက်ရောက်နေကြသည့် တောပန်းတောင်ပန်း လှရာရာများမှသည် မြစ်ဧရာကိစ္စ၊ ထိုမှသည် ``ဓမ္မရံကြီး``စေတီပေါ်မှ ရှုခင်းငေးဖြစ်ခဲ့ပုံ၊ ကမ္ဘာပေါ်က အကောင်းဆုံးဆည်းဆာများတွင် တစ်ခုအဝင်အပါ...ဆိုသည့် ပုဂံညနေကို ကြုံဆုံခဲ့ပြီးသည့်ကာလ ထို့နောက်မှာတော့ ကျွန်ုပ်တို့ကျောင်းသူကျောင်းသားကလေးများသည် ကျေးလက်ခရီးသွားကားတစ်စီးဖြင့် အိမ်ပြန်ခရီးကို နှင်ခဲ့ကြပါကြောင်း။ ဤမျှလှပသော ပုဂံ၏ ရှုမျှော်ခင်းအထွေထွေသည် တရိပ်ရိပ်နှင့် အဝေးတွင် ကျန်ရစ်ခဲ့ပြီကော။ ထိုပုံရိပ်လေးများသည် နှစ်ကာလ ကြာမြင့်ပြီဖြစ်၍ အတန်ငယ် မှုန်ဝါးနေပြီဖြစ်သည့်တိုင် တော်ဝင်ဆရာ ဂရန့်၏ ဤရှုမျှော်ခင်းပုံကားလေးကတော့ နှစ်များ၊ ...ခေတ်များကို ဖြတ်လာခဲ့သည်တိုင် အခုထိ ကြည်လင်လှပကာ မနေ့တစ်နေ့ကပင် သူ ရေးဆွဲဖြစ်ခဲ့သည့်အလား ထင်မှတ်မှားရကြောင်းဖြင့် ကျွန်ုပ်တို့ တင်ပြလိုက်ရပေသည်။

Wednesday, September 11, 2013

`တိုင်းရင်းသူလေးများ၏ ပုံတူ(၁၉၀၃)`

အနောက်တိုင်း အနုပညာ။
..........
``တိုင်းရင်းသူလေးများ၏ ပုံတူ(၁၉၀၃)``....အမည်ရ ပန်းချီကား။
သူသည် အေးမြသော မောတို့ဌာနီ၊ .....မြေနီယာခင်းစိမ်းများ၊ ကြက်သွန်ဖြူခင်းနှင့် ပန်းနှမ်း၊ နေကြာ၊ စပါးနှင့် ဂျုံခင်းများတစ်လျှောက် လျှောက်သွားနေခဲ့လေသည်။ ပြီးတော့ တောင်ပေါ်ရွာလေးတွေသို့ တစ်ရွာဝင် တစ်ရွာထွက် သွားရောက်ကာ ကောက်ညှင်းရနံ့သင်းသည့် ရေနွေးကြမ်းသောက်ရင်း ရိုးသားသော ဒေသခံတို့နှင့် စကားစမြည်ပြောဖြစ်ခဲ့၏။ ရွာလေးတစ်ရွာ၏ ဘန်ဂလိုတွင် နားနေရင်း ညနေတိုင်လျှင် မီးပုံဘေးမှာ ဝိုင်းစုထိုင်ကြကာ၊ ....ရှမ်းအရက် ခပ်ပြင်းပြင်းတစ်ခွက်ကို လည်း သူ မြည်းစမ်းကာ သူတို့ပြောပြသည့် ကျေးလက်ပုံပြင်များ တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ရသည်မှာလည်း ဤအနုပညာသမားအတွက် နှစ်သက်ပျော်ရွှင်စရာ ဖြစ်နေခဲ့ပေမည်။ ပန်းချီဆရာသည် ရှုမျှော်ခင်းပုံကြမ်းတွေ ရေးခြစ်ခဲ့သလို ......လှပသော ရိုးရာ ချည်ဝတ်စုံများနှင့် တင့်တယ်သော တိုင်းရင်းသူတိုင်းရင်းသားတို့၏ ပုံတူများကို ရေးဆွဲဖြစ်ခဲ့ရာတွင် ပထမတွင် သူတို့သည် ရှက်စနိုးရှိကြသော်လည်း နောက်တော့ ပန်းချီကားအတွက် မော်ဒယ်ရပ်ပေးရခြင်းအပေါ်တွင် နှစ်သက်ပျော်ရွှင် လိုလိုချင်ချင်နှင့် သူတို့ လက်ခံခေါင်းညိတ်ကြလေသည်။ ဆေးရောင်စုံလေးနှင့် လှပသော ပုံတူကားလေးတွေကို သူတို့ကိုယ်တိုင် ခုဆိုခုပဲ မြင်တွေ့ရသောအခါ ပြုံးလဲ့သွားကြသည့် တိုင်းရင်းသူလေးများ၏ ပုံရိပ်ကို ဤပန်းချီဆရာအဖို့ ဘဝ၏ အမှတ်တရများထဲမှ မမေ့နိုင်တော့မည် ``အမှတ်တရများ``ပင် ဖြစ်ခဲ့ပေတော့မည်။ ......ဤပုံတွင် ပတောင်(ခတွန်)၊ ပလေး၊ ပတောင်(တွမ်မ)မိန်းကလေးများ၏ ပုံတူကို ခြယ်ရေးထားရာတွင် ပန်းချီအခြေခံ အရောင်လေးများဖြင့် ဖန်တီးထားသည့် သူတို့၏ ရိုးရာဝတ်စုံ အဆင်ဒီဇိုင်းလေးများကို မူရင်းမပျက် သူက မှတ်တမ်းပြုစုခဲ့လျက် ....ဤပုံတူလေးတွေသည်ကားဆိုလျှင် လွန်စွာလက်ရာမြောက်ကြောင်း မြင်သည်နှင့် သိသာပါပေသည်။ ကျွန်ုပ်တို့၏ ဖိုင်လ်များထဲမှ အမျိုးအမည် တိကျစွာ မသိရသည့် ဤပုံကားလေးအကြောင်း ယခုထက် ပိုမို၍ အသေးစိတ်လိုခဲ့သော်လည်း တကယ်တမ်း မပြည့်မစုံ ဖော်ပြချက်ကို ကျွန်ုပ်တို့သည် ဤတွင်ရွေ့ နိဌိတံပေသည်။