Sunday, September 15, 2013

`ပုဂံ မြင်ကွင်းကျယ်-၄(၁၈၅၅)

ဗြိတိန် အနုပညာ။
ကိုးလ်စ်ဝေါ့လ်သီ ဂရန့်၏
``ပုဂံ မြင်ကွင်းကျယ်-၄(၁၈၅၅)``....အမည်ရ ပန်းချီကား။
ကျွန်ုပ်တို့၏ ဖိုင်လ်များထဲမှ မွှေနှောက်ရရှိသမျှ ....ဂရန့်၏ ပုဂံမြင်ကွင်းကျယ် ပန်းချီကား လေးချပ်မျှရှိရာတွင် ယခုတင်ဆက်မှုသည် ထိုရှေးဟောင်းနယ်မြေဆိုင်ရာ နောက်ဆုံးအပိုင်း ဖြစ်လေသည်။ ဤဆရာ ရေးဆွဲသည့် ``ဗူးဘုရား``ရှုမျှော်ခင်းပန်းချီကို ယခင်က သီးခြားဖော်ပြခဲ့ပြီးဖြစ်သဖြင့် ထိုကားကိုပါ ပေါင်းထည့်မည်ဆိုပါလျှင် ဤဗြိတိန်ပန်းချီကျော်သည် ပုဂံရှုမျှော်ခင်း ကားပေါင်း ငါးကားမျှ ရေးဆွဲခဲ့သည်...ဟု ဆိုနိုင်မည် ထင်မိပေသည်။ ....မြန်မာပြည်ဆိုင်ရာ သူ၏ အနုပညာဖန်တီးမှုများသည် ကားချပ်ရေ ဒါဇင်ပေါင်းများစွာ ရှိခဲ့သဖြင့် ကျွန်ုပ်တို့သည် အခါအားလျော်စွာဆိုသလိုပင် အပိုင်းလိုက် ဖော်ပြလျက်ရှိပါကြောင်း။ ......သို့နှင့် ကျွန်ုပ်တို့၏ ငယ်စဉ်တောင်ကျေး ကလေးဘဝနေ့ရက်များဆီက အဆိုပါပုဂံသို့ မွေးရပ်မြေ ကျောင်းတော်၏ လေ့လာရေးခရီး အစီအစဉ်ဖြင့် စတင်ရောက်ရှိခဲ့ဖူး၍ ထိုဒေသပတ်ဝန်းကျင်အပေါ် အံ့သြငေးမောဖြစ်ခဲ့ပုံကို သတိတရ ``မီမွားများ``အနေနှင့် ပြောပြဖြစ်ခဲ့ရာမှ .....ယာခင်းခရိုးတွင်ပေါက်ရောက်နေကြသည့် တောပန်းတောင်ပန်း လှရာရာများမှသည် မြစ်ဧရာကိစ္စ၊ ထိုမှသည် ``ဓမ္မရံကြီး``စေတီပေါ်မှ ရှုခင်းငေးဖြစ်ခဲ့ပုံ၊ ကမ္ဘာပေါ်က အကောင်းဆုံးဆည်းဆာများတွင် တစ်ခုအဝင်အပါ...ဆိုသည့် ပုဂံညနေကို ကြုံဆုံခဲ့ပြီးသည့်ကာလ ထို့နောက်မှာတော့ ကျွန်ုပ်တို့ကျောင်းသူကျောင်းသားကလေးများသည် ကျေးလက်ခရီးသွားကားတစ်စီးဖြင့် အိမ်ပြန်ခရီးကို နှင်ခဲ့ကြပါကြောင်း။ ဤမျှလှပသော ပုဂံ၏ ရှုမျှော်ခင်းအထွေထွေသည် တရိပ်ရိပ်နှင့် အဝေးတွင် ကျန်ရစ်ခဲ့ပြီကော။ ထိုပုံရိပ်လေးများသည် နှစ်ကာလ ကြာမြင့်ပြီဖြစ်၍ အတန်ငယ် မှုန်ဝါးနေပြီဖြစ်သည့်တိုင် တော်ဝင်ဆရာ ဂရန့်၏ ဤရှုမျှော်ခင်းပုံကားလေးကတော့ နှစ်များ၊ ...ခေတ်များကို ဖြတ်လာခဲ့သည်တိုင် အခုထိ ကြည်လင်လှပကာ မနေ့တစ်နေ့ကပင် သူ ရေးဆွဲဖြစ်ခဲ့သည့်အလား ထင်မှတ်မှားရကြောင်းဖြင့် ကျွန်ုပ်တို့ တင်ပြလိုက်ရပေသည်။

No comments:

Post a Comment