Sunday, September 8, 2013

ဗြိတိန် အနုပညာ။ ကိုးလ်စ်ဝေါ့လ်သီ ဂရန့်၏ ``အမရပူရ မြင်ကွင်းကျယ်(၁၈၅၅)

ဗြိတိန် အနုပညာ။
ကိုးလ်စ်ဝေါ့လ်သီ ဂရန့်၏
``အမရပူရ မြင်ကွင်းကျယ်(၁၈၅၅)``....အမည်ရ ပန်းချီကား။
အမြဲအသက်ရှင်သန်နေသည့် မြို့....ဟု အဓိပ္ပာယ်ထွက်ရှိလေသော ``အမရပူရ``၊ မင်းနေပြည် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် ထူးခြားဆန်းကြယ်သော မြို့။ ဤမြို့ကို အင်းဝတွင် နန်းစံလျက်ရှိသည့် ဗဒုံမင်း အမည်ခံ ဘိုးတော်ဘုရားသည် မိုးတွင်းကာလ၊ မြစ်ရေလျှံတက်ချိန်တွင် နန်းမြို့အထိ ဗြိတိသျှတို့၏ သင်္ဘောများ လာရောက်နိုင်သည်ကို တွက်ချင့်လျက် ......၁၈၇၁၊ ...အောက်တိုဘာ ၁-ရက်နေ့တွင် ပြန်တမ်းတစ်ရပ်ကို ထုတ်ဆင့်လိုက်လေခဲ့ကြောင်း။ ထိုအမိန့်တော်တွင် လက်ဆည်ကန်ရွာနေရာတွင် အမရပူရ နန်းတော်အသစ်တည်ရန်ဖြစ်လျက် ထိုမြို့တညဆောက်ရေးစီမံချက်ကို စတင် အကောင်အထည်ဖော်ခဲ့ကာ ၁၂၊ မေ၊ ၁၇၈၃ တွင် နန်းသိမ်းပွဲဖြင့် စိုးစံတော်မူခဲ့၏။ နောက်ထပ် ခုနစ်နှစ်အကြာတွင် ဤမြို့သည် မီးဘေးသင့်ခဲ့ရသဖြင့် အချိန်တိုအတွင်း မြို့သစ်နန်းသစ် တည်ခဲ့ရပြန်ကြောင်း၊ ထို့နောက် ဘကြီးတော်မင်းလက်ထက်တွင် အင်းဝသို့ တဖန် ပြန်လည်စိုးစံခဲ့၍ သာယာဝတီမင်းလက်ထက်တွင် အမရပူရသို့ မြို့တော် တကျော့တဖန် ပြောင်းရွှေ့ခဲ့ပြန်ပေသည်။ ....``ပဒုမ္မာ ရွှေကြာ၊ ဘိုးတော် စံရာ၊ နတ်ရွာနတ်ပြည်တူလေခြင်း``ဟူသည့်အတိုင်း ထိုစဉ်ကာလ လွန်စွာ စည်ကားသိုက်မြိုက်ခဲ့ကာ ...တောင်သမန်အင်း၊ တက်သေးအင်း၊ ရတနာ့ဂူ၊ ရွှေကြက်ယက်- ရွှေကြက်ကျ၊ ...မြစ်ဧရာ၊ တောင်ရိုးတောင်တန်းများကြားက ဤရွှေဘုံရွှေနန်းမြို့သည်ကားဆိုလျှင် လွန်စွာ ရှု၍ မဝ သာမောလှပခဲ့မည်မှာ ကျွန်ုပ်တို့ ယုံမှားသံသယ မရှိချေ။ .....၁၈၅၅၊ ဗြိတိသျှ- အိန္ဒိယ ဘုရင်ခံ၏ မေဂျာ ဖယ်ရာ ဦးဆောင်သည့် အင်းဝသွား သံအဖွဲ့တွင် တော်ဝင်ပန်းချီဆရာတစ်ဦးအဖြစ် လိုက်ပါလာသည့် ဆရာ ကိုးလ်စ်ဝေါ့လ်သီ ဂရန့်သည် မြန်မာ့ရှုခင်းနှင့် ...အထင်ကရလူပုဂ္ဂိုလ်များ....စသည့် ပုံရိပ်အထွေထွေကို မှတ်တမ်းပြုရေးဆွဲခဲ့ရာတွင် ဤ``အမရပူရ မြင်ကွင်းကျယ်``ဟု အမည်ရသည့် လက်ရာမွန်ဥရောပ ရေဆေးပန်းချီကားတစ်ချပ်လည်း အဝင်အပါဖြစ်ရာတွင် ထိုစဉ်က မြန်မာ့လူမှုဘဝနှင့် ပတ်ဝန်းကျင်ဖွဲ့ အနုပညာကို အနီးကပ်ဆွဲယူ ချိန်ဆကာ မိတ်ဆွေများ နှစ်သက်ခံစားနိုင်ရန် ကျွန်ုပ်တို့ စီစဉ်တင်ဆက်လိုက်ရပေတော့သည်

No comments:

Post a Comment