Monday, November 25, 2013

အမေရိကန် အနုပညာ။ လူစီ ဂရေ့ဗ် မက်ဗေကာ၏ ``မြန်မာ့လယ်တော-၂(၂၀၀၇)``......အမည်ရ ပန်းချီကား။


အမေရိကန် အနုပညာ။
လူစီ ဂရေ့ဗ် မက်ဗေကာ၏
``မြန်မာ့လယ်တော-၂(၂၀၀၇)``......အမည်ရ ပန်းချီကား။
......Rice Fields(2007) By Lucy Graves-McVicker
သူမ၏ ``မြန်မာ့လယ်တော-၁``ကို တင်ဆက်ခဲ့ဖူး၍ ကျွန်ုပ်တို့၏ အနုပညာချစ်သူများ၏ ထိုက်သင့်သည့် နှစ်ခြိုက်မှုကို ရရှိခဲ့သည့်အလျောက် .....ဤပုံကားလေးသည်လည်း အဆိုပါပန်းချီဇာတ်လမ်းတွဲ၏ အဆက်ဖြစ်လေရာတွင် သူမ၏ နုရွလှပသည့် လက်ရာမွန်နှင့် တကျော့ပြန် ဆုံစည်းဖြစ်ကြခြင်း.....ဟု ဆိုရပေတော့မည်။ လူစီ၏ အနုပညာဘဝအကြောင်းကို ဤအနုပညာမှ ဖော်ပြခဲ့ဖူး၍ ....``ပရင်စီပီယား ကောလိပ်``မှ အနုပညာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီးနောက် သူမ၏ အနုပညာလေ့လာမှုကို``ပါဆန်စ် ဒီဇိုင်ကျောင်းတော်``....နယူဂျာစီပြည်နယ်က ``ရပ်ဂျားစ် တက္ကသိုလ်၊ ဘရော့စကီ စင်တာ``တို့တွင် ဆက်လက်လေ့လာခဲ့ပုံ၊ ၁၉၉၀ မှသည် ပန်းချီတင်ဆက်မှုပေါင်း ၈၀-ကျော်မျှ ရှိခဲ့ပုံ၊ နယူးယောက်ပြည်နယ်မှ ပေးအပ်သည့် ရွှေတံဆိပ်အပါအဝင် ဂုဏ်ပြုအပ်သည့် အနုပညာရှင် စာရင်းဝင်အဆင့် ပေးအပ်ခံရမှုများ.....စသည်ဖြင့် ကျွန်ုပ်တို့ ဖော်ပြခဲ့ဖူးသည်ကို မိတ်ဆွေများ သတိတရရှိနေကြမည် ထင်ပေသည်။ ပြီးခဲ့သော ၂၀၀၆ တွင်ကား လူစီသည် မြန်မာပြည်သို့ ရက်သတ္တ သုံးပတ်ကြာမျှ အလည်အပတ်ရောက်ရှိခဲ့၍ ....ဤတိုင်းပြည်၏ သဘာဝအလှတရားတွင် လွန်စွာ အထင်ကြီးမိခဲ့ကြောင်းဖြင့် သူမက ဆိုလေတော့၏။ ``အထူးအားဖြင့်တော့....သံပုရာစိမ်းအရောင်နဲ့ လှနေကြတဲ့ လယ်ကွင်းတွေ၊ ပျိုးခင်းလဲ့တွေ၊ ...တောင်တန်းတွေ၊ နောက်ပြီးတော့ ကောင်းကင်အပြာတွေ မြင်တွေ့ရတဲ့အခါ။ ....အဲ၊ ထည့်ပြောရမှာကတော့ ချောမောတဲ့ လူတွေ....ဒေသခံတွေ။``ဟု သူမ က ပြုံးရွှင်စွာ ပြောပြခဲ့ကြောင်း။ ဤပန်းချီဆရာမ၏ ``မြန်မာ့လယ်တော-၁``ကိုမူ မကြာမီကပင် ရောင်းချပြီးဖြစ်၍ သူမက စိတ်ကျေနပ်နေပုံရကာ ဒါကလည်း သူမ အထင်ကြီးအံ့သြမိသည့် မြန်မာ့ရှုမျှော်ခင်း....၏ အောင်မြင်ထင်ပေါ်မှုကို ပြသနိုင်ခဲ့၍ ဖြစ်ပေမည်။ ဤဆီဆေးပုံကားလေးက ရေမင်းသား ဆရာဆောင်၏ လက်ရာအရောင်ပါးပါးလေးများနှင့်ပင် ဆင်ဆင်တူသလို ယူဆရပေသေးတော့၊ ....မြက်ခင်းလဲ့လဲ့၊ နှင်းသွဲ့သွဲ့တို့သည် သင်းဖွဲ့၍ နေကြလေသလော။ အစိမ်းအဝါရောသည့် ကောက်နှံများသည် .....ခုလို ဖုံးတုန်းလုံးတုန်း- တန်ဆောင်မုန်းလကိုပင် ဆိုလိုနေကြပုံရ၍ အဆိုပါရာသီဖွဲ့ ပန်းချီကားတစ်ချပ်ကိုပင် သူမ ရေးခြယ်ခဲ့လေသလော။ ခြုံပုတ်တွေကြားက လယ်တဲလေးတစ်လုံး၊ ထန်းပင် အုပ်စုလေးများ မှုန်ရီစ၊ .....သူမ နှစ်ခြိုက်သော တောင်တန်းလေးတွေကို ခြယ်ရေးထားသည်က ရေဆေးအကြည်ပန်းချီများတွင်သာ အထူးတလည် မြင်တွေ့ရသည့် စုတ်ချက်လေးတွေမျိုး၊ ....ကိုရွှေဖားတို့၏ အော်မြည်သံ၊ ရေဆင်းသောက်သည့် ဗျိုင်လေးများသည်ကားဆိုလျှင် ဝိုးတဝါး၊ လယ်ကသင်းမှာ ပုစွန်လုံးလေးများလည်း ဟိုသည် ပြေးလွှားချင် ပြေးလွှားနေခဲ့ကြမည်။ လယ်သူမလေးတွေကတော့ ဟိုဝေးတောအုပ်ထဲမှ အခုမှ လှမ်းလျှောက်လာဆဲ ဖြစ်ပေသလော၊ သူတို့၏ အရိပ်အခြေကို ကျွန်ုပ်တို့ မမြင်တွေ့၍ ဖြစ်ကာ ....လူစီက သူမ၏ လက်ရာမွန်ကို ``ရှုမျှော်ခင်း ၁၀၀%``အဖြစ်သာ ချဉ်းကပ်ဖွဲ့နွဲ့လိုပုံရကြောင်း...စသည်ဖြင့် ကျွန်ုပ်တို့၏ ``အနုပညာ``က တစုံတရာ ဟောကိန်းထုတ် တွက်ချက်နေမိပေတော့သည်။
— with သျှင်လေ ညင်း.

No comments:

Post a Comment