Thursday, January 23, 2014

ချားလ်စ် ရောဘတ်ဆင်၏ ``ရန်ကုန်(၁၈၈၀ နှစ်များ?)``.....အမည်ရ ပန်းချီကား။


ဗိတိန် အနုပညာ။
ချားလ်စ် ရောဘတ်ဆင်၏
``ရန်ကုန်(၁၈၈၀ နှစ်များ?)``.....အမည်ရ ပန်းချီကား။
.....Rangoon(1880's?) By Charles Robertson
မိုးနှောင်း၍ ဆောင်းဝင်စကာလ ဖြစ်ခဲ့မည်၊ ထိုရက်များ၏ တစ်ခုသော
နေဝင်ရီသရော အချိန်၌ ချားလ်စ်သည် ရွှေတိဂုံစေတီတော်၏ အရိပ်၊
စောင်းတန်းအခြေရှိ ကျယ်ဝန်းလှသည့် မြက်ခင်းတစ်နေရာသို့
ရောက်ရှိနေခဲ့ပုံရလေ၏။ အရိုင်းပေါက်ရောက်နေကြသည့် မြက်ခင်းများက
စိမ်းစိုစို၊ အရွက်ဖြာသည့် တစ်ခုသော အုန်းပင်ရှည်မျောလေး၏ အရိပ်အောက်မှာ
လွမ်းမောစရာ အရှေ့တိုင်း ရှုခင်းကို သူ ထိုင်၍ ငေးနေခဲ့သည်မှာ
နာရီအတန်ကြာမျှ ရှိနေခဲ့လေပြီ။ ပင်လယ်ကမ်းခြေ မြို့တစ်မြို့ဖြစ်သည့်
ရန်ကုန်တွင် အပူပိုင်းဒေသ ပေါက်ပင်များဖြစ်သည့် ကုက္ကို၊ ပိတောက်နှင့်
သစ်တိုပင်လိုမျိုး အုံ့မှိုင်းမှိုင်း အပင်တွေကြားမှာ
အုန်းပင်အုပ်စုလေးတွေကို ဟိုမှာသည်မှာ သူ မြင်တွေ့ရတတ်လေ၏။
သူ့မျက်လုံးများနှင့် အခုပင် မြင်တွေ့နေရသည့်
အုန်းပင်မြင့်မြင့်လေးတွေကတော့ သူတို့၏ ပေါက်ရောက်ပုံ
ဟန်ပန်များကိုယ်၌ကပင် ကဗျာဆန်နေသလို ယူဆရကာ ထိုအပင်များကို ကျော်လွန်၍
ကြည့်လိုက်သည်နှင့် ကျွန်းသစ်ဖြင့်ပြီးသည့် ရှေးလက်ရာ စေတီစောင်းတန်း၊
လှပသော ထိုအမိုးအောက်များအောက်တွင်မူ ရှည်လျားသော လှေခါးထစ်များရှိ၍
......ကုန်းမြင့်ထိပ်ရှိ ရွှေစေတီသို့ တက်ရောက်ဖူးမြော်ရာ
စင်္ကြန်လမ်းဖြစ်သည့် ဤစောင်းတန်းသည် အပြင်ဖက်မြင်ကွင်းအရ ဟင်္သပြဒါးရောင်
နီနီ စုလစ်မွန်းချွန်များနှင့် လှပနေခဲ့ကြကာ အရှေ့တိုင်းဗိဿုကာ
ပီပြင်ခန့်ညားပါပေသည်။ ဤနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏
ဥပုသ်သီတင်းဆောက်တည်ရာ နေ့တစ်နေ့ဖြစ်ကြောင်း၊ နံနက်စောစောမှပင်
စေတီရင်ပြင်တော်ပေါ်သို့လည်း သူ ရောက်ခဲ့သည့်အလျောက် ရွှေတိဂုံသို့ တဖွဲဖွဲ
လာရောက်ဖူးမြော်ကြသည့် မြို့သူမြို့သား၊ ရဟန်းရှင်လူ ပရိသတ်များ၊
ပန်းရေချမ်းကပ်သူ၊ .....ကြေးစည်သံတဝေဝေနှင့် ဆွမ်းလောင်းလှူသူများ၊
ဇရပ်တန်ဆောင်းများတွင်လည်း ဥပုသ်သည်များ စသည်ဖြင့် စည်ကားနေခဲ့ပေသည်။
ချားလ်စ်သည် တစ်နေ့လည်ခင်းလုံး စေတီရင်ပြင်တော်ပေါ်တွင် ရှိနေခဲ့ပြီး
ညနေစတင်စတွင် စောင်းတန်းအတိုင်း ဆင်းလာခဲ့ကာ
ဤနေရာမြက်ခင်းစိမ်းစိမ်းလေးတွင် ခဏတဖြုတ်ဆိုသလို ရှုခင်းငေးရင်း
နားနေခဲ့ခြင်း ဖြစ်လေ၏။ ပိုးပုဝါပေါင်းသည့် မြန်မာ လူကြီးလူကောင်းများသည်
အုန်းပင်ရိပ်တွင်ထိုင်ကာ တရားဓမ္မများဆွေးနွေးနေခဲ့ကြလျက်၊
.....ပိုးဖဲအဝါ-အပြာထမီ၊ အင်္ကျီအဖြူလေးများနှင့် သေသပ်စွာ ဝတ်ဆင်ထားကြသည့်
ဆံရစ်ဝိုင်း မိန်းမငယ်နှစ်ဦးသည် လှပသော ထီးကလေးတစ်ချောင်းကို
ဆောင်ယူလာရင်း စကားတပြောပြောနှင့် သူ့အနီးအနားမှ ဖြတ်လျှောက်သွားကြလေသည်။
သူတို့သည် စောင်းတန်းဈေးဆိုင်များရှိရာသို့ ဦးတည်သွားနေကြကာ ခုနပင် သူ
မြင်တွေ့ခဲ့ရသေးသည့် စောင်းတန်းဈေးက လက်ရာမွန် ယွန်းထည်များ
ဝယ်ယူရန်ဖြစ်မည်...ဟု သူက တွေးထင်လျက် ရှိလေသည်။ .......ဗြိတိန်
ပန်းချီကျော် ချားလ်စ် ရောဘတ်ဆင်(၁၈၄၄- ၉၁)သည် ရှုမျော်ခင်း
ပန်းချီဆရာတစ်ဦးဖြစ်၍....သူက မြင်ကွင်းကို တိုက်ရိုက်ပင် တစ်ထိုင်တည်း
ခြယ်ရေးလေ့ရှိသူ၊ ပြီးတော့ သစ်ထွင်းပန်းချီဆရာတစ်ဦးလည်း ဖြစ်ပြန်သေးသည်။
ချားလ်စ်သည် ဗြိတိန်အပြင်ဖက်သို့ထွက်ကာ ကမ္ဘာအနှံ့သို့
လျှောက်သွားနေတတ်သူ၊ ၁၈၆၂၊ ...သူ့အသက် တစ်ဆယ့်ရှစ်နှစ်မှာပင်
အယ်ဂျီးရီးယားသို့ အစောဆုံး ခရီးထွက်ခဲ့၍ ထို့နောက်တော့ တူရကီ၊ အီဂျစ်၊
တန်ဂီးယားစ်၊ ဂျေရုစလင်နှင့် ဒမတ်စကတ်သို့တိုင် သွားရောက်ဖြစ်ခဲ့ကာ သူ
ရေးဆွဲဖြစ်ခဲ့သည့် အရှေ့တိုင်းအတွေ့အကြုံ ထိုပန်းချီကားများကို
လန်ဒန်မြို့ရှိ တော်ဝင်အနုပညာအကယ်ဒမီတွင် ပြပွဲခင်းကျင်း
ပြသနိုင်ခဲ့လေသည်။ ၁၈၆၃- ၈၅ နှစ်များအတွင်း ဗြိတိန်အကယ်ဒမီတွင်
ပြသဖြစ်သမျှ ပုံကားအများစုမှာ ဆီဆေးလက်ရာများဖြစ်ကြ၍ ၁၈၈၀ တွင် သူသည်
ရေဆေးပန်းချီဖက်ဆီသို့ သူ့အာရုံက ပြောင်းလဲ ရောက်ရှိသွားခဲ့ကာ ၁၈၈၄ မှ
သည်ဘက်ပိုင်းတွင်မူ ချားလ်သည် ထိုနည်းနာကိုသာ အဓိကအားဖြင့် စွဲမြဲစွာ
ခြယ်ရေးနေခဲ့တော့သည်။ လက်ရာမွန်ဖြစ်သည့် အရှေ့တိုင်း ရှုမျှော်ခင်းဆိုင်ရာ
သူ၏ ပုံကားများသည် တစတစ အောင်မြင်ကျော်ကြားလာခဲ့သည့်အလျောက် ဗြိတိန်
``တော်ဝင်ရေဆေးပန်းချီဆရာများအဖွဲ့၊ ....တော်ဝင်ပန်းချီနှင့်
သစ်ထွင်းအနုပညာရှင်များအဖွဲ့``တို့တွင် လူကြီးမင်းတစ်ဦးအဖြစ်
တလေးတစားနှင့် ရွေးချယ်ခံခဲ့ရသူ ဖြစ်လေသည်။ ချားလ်စ် ရောဘတ်ဆင်သည်
ပန်းချီနည်းနာ အတတ်ပညာ နိသျှကုန် ကျွမ်းကျင်သူ၊ ပြီးတော့
ကမ္ဘာအနှံ့လွန်စွာ ခရီးသွားလာသူ၊ အရှေ့အလယ်ပိုင်းနှင့်
အရှေ့တိုင်းနိုင်ငံဆိုင်ရာ တောက်ပသည့် အရောင်များနှင့် ခြယ်ရေးထားသည့်
သူ၏ လက်ရာမွန် ပန်းချီကားများအတွက် ကျော်ကြားသူ၊ အခုလိုမျိုး
``ရန်ကုန်``အမည်ရသည့် ပန်းချီကားအပါအဝင် သူ၏ ဘဝ
နှောင်းပိုင်းလက်ရာများသည် သူ ရေးသမျှထဲတွင် လိုလေးသေးမရှိ၊
အပြီးပြည့်စုံဆုံးသော ပန်းချီကားများ ဖြစ်ကြသည်...စသည်ဖြင့် သူ့ကို
စောင့်ကြည့်လေ့လာခဲ့ကြသည့် ပန်းချီအကဲခတ်များက ဆို၍ နေကြလေသည်။
 

No comments:

Post a Comment