Sunday, January 26, 2014

အမေရိကန် အနုပညာ။ ဝီလျံ မာရာဇီ၏ ``ဓမ္မရံကြီး(၂၀၁၀)``......အမည်ရ ပန်းချီကား။

အမေရိကန် အနုပညာ။
ဝီလျံ မာရာဇီ၏
``ဓမ္မရံကြီး(၂၀၁၀)``......အမည်ရ ပန်းချီကား။
.....Damayangyi Temple in Pagan(2010) By William Marazzi
သူ့ကိုယ်သူ အရှေ့တိုင်း-အနုပညာဝါဒီ ဟု ခံယူခဲ့၍...အထူးအားဖြင့် ဂျပန်၊ မြန်မာ၊ ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံက ရှေးဟောင်းအမွေအနှစ်နေရာများစွာသို့ သွားရောက်ခဲ့လျက် .....ပန်းကနုတ် ထုံမွှမ်းသော အာရှ၏ အနုလက်ရာများအပေါ်ဝယ် သူ၏ ဈာန်ကွန့်မြူးမှု ဟူသည်က ရှိနေခဲ့လေသည်။ ``အင်း...၊ ငယ်ငယ်လေးကတည်းကပါပဲ၊ ကျုပ်ရဲ့ ဒီဝါသနာဗီဇ...ဆိုရာမှာက၊ အဲဒီကတည်းကပဲ ကမ္ဘာ့သမိုင်းတို့၊ နိုင်ငံရပ်ခြား ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို စိတ်ဝင်စားခဲ့တယ် ဆိုပါတော့။``ဟု ဝီလျံက ပြောဆို၏။ ပန်းချီနှင့် စပ်လျဉ်း၍မူ သူကိုယ်တိုင် လေ့ကျင့်ရေးဆွဲ၊ သူနေထိုင်ရာ မန်ဟက်တန်က ``မက်ထရိုပိုလီတန် မျူဇီယမ်``လိုမျိုး ပြတိုက်တွေ၊ ဂယ်လာရီတွေ လျှောက်သွား၍ တပါတည်း ယူဆောင်လာသည့် ရောင်စုံခဲတံ၊ ဖယောင်းတောင့်တွေနှင့် ....ကျော်ပေ့ဆိုသည့် ပုံကားကြီးများကို သူ ကူးယူရေးဆွဲ လေ့လာခဲ့ပုံ၊ ၁၉၇၃ မှာတော့ သူသည် ``အက်ဘ်စထရက်-အိတ်စပရက်နစ်ဇင်``ပန်းချီဆရာအဖြစ် တရားဝင် ခံယူခဲ့ပုံ၊ နောက်နှစ်များတိုင်တော့လည်း သူ၏ မူလဗီဇစိတ်ဖြစ်သည့် အရှေ့တိုင်း အနုပညာဒဿနဆိုသည်က သူ့ကို ``ရီရယ်လစ်ဇင်သမား``တစ်ဦးအဖြစ် တကယ်တမ်း ရှင်သန်နေစေခဲ့ပုံ။ .....သူ ကောလိပ်ကျောင်းသားဘဝတွင် ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ ဘာသာရပ်ကို ယူခဲ့၍ .....အထူးပြုဘာသာရပ်မှာ ``ဂျပန်-ယဉ်ကျေးမှုဖြစ်စဉ်``ဖြစ်ခဲ့ပုံ၊ ....အရှေ့တိုင်းကို ချစ်သည့် သူ့မနောစိတ်က ထိုမျှနှင့် မပြီးပဲ အမေရိကန်ပြည်ထောင်စုမှသည် ....ဂျပန်ပြည်၊ ကျိုတိုမြို့သို့ ပြောင်းရွှေ့သွားခဲ့ကာ ထိုမြို့၏ ရှေးရိုးသစ်သားအိမ်လေး တစ်အိမ်တွင် နေထိုင်ပြီးသည့်ကာလ ဂျပန်ဘာသာစကားကို တဖက်မှ သင်ယူလေ့လာရင်း..... အေးချမ်းသာယာ၍ ရှေးကျသော ပတ်ဝန်းကျင်တခိုက လူနေအိမ်ခြေတွေ၊ ဗုဒ္ဓဘာသာ ကျောင်းတော်တွေဆီသို့ သွားရောက်ကာ ရိုးရှင်းလှပသည့် ရေဆေးပုံကားများကို ရေးဆွဲလျက် သူ နေပျော်နေခဲ့ပေသည်။ ပန်းချီဆရာ ဝီလျံ၏ ပညာရပ်လိုက်စားမှုဆိုသည်က အငမ်းမရဖြစ်နေပုံမျိုး၊ အခုလိုမျိုး ယဉ်ကျေးမှုနှင့် ....အရှေ့တိုင်း ဒဿနနှင့် အနုပညာများတွင် ပေါ့လေ။ မြန်မာပြည်သို့လည်း သူ ရောက်ရှိလာခဲ့လျက် ပုဂံရှုမျှော်ခင်း ပုံကားများစွာကို ခြယ်ရေးခဲ့ကာ ထိုလက်ရာမွန်းများထဲတွင်.....``ဓမ္မရံကြီး``အမည်ရသည့် ဤပန်းချီကားတစ်ချပ်လည်း အပါအဝင်ဖြစ်ပေသည်။ နောက်မှ ဖြည့်စွက်ပုံရသည့် သူ၏ ကောင်းကင် အပြာနု၊ ရာစုဆီများစွာဆီသို့ ပြန်လည် ရောက်ရှိသွားစေနိုင်သည့် .....စီပီယာအရောင်လေးများ၊ တည်ငြိမ်နေခဲ့သည့် စေတီတော်၊ ထိုရှေ့က လှည်းလမ်းကြောင်းကလေး၊ နွေရာသီ၏ မြေနီနီဖျော့ဖျော့လေးများ၊ ထနောင်းပင် စိမ်းလဲ့ကိုပင် ကျွန်ုပ်တို့ မြင်တွေ့ခွင့် မရ၊ အင်း...ဤဝီလျံက ရှေးဟောင်းဝါဒီ ပန်းချီဆရာတစ်ဦးဖြစ်နေ၍ လန်းဆတ်မှုများ ဆိုသည်နှင့် ကျွန်ုပ်တို့အား ဆက်စပ်ပေးလိုခဲ့ပုံ မရပေ။ လက်ရှိ သူ နေထိုင်ရာ ကျိုတို ရှေးမြို့တော်မှာပင် ``မက်ဒေါ်နယ်လ်စ်``လိုမျိုး အထင်ကရ ကော်ဖီဆိုင်များ၏ မြင်တွေ့ရမြဲ ``M``အမှတ်တံဆိပ်-ဆိုင်းဘုတ်နီနီများသည်ပင် အတိတ်၏ အရိပ်အငွေ့ကို ပျက်ပြားစေနိုင်၍ ထိုမြို့၏ အထူးနေရာများတွင် ``အဝါရောင်``အဖြစ် ပြောင်းလဲချိတ်ဆွဲစေသည် မဟုတ်ဖူးလား။ .....ပေါင်းမိုးလှည်းကလေးတစ်စီးက ဓမ္မရံကြီးစေတီတော်၏ ရှေ့မှ ဤခေတ်ကြီးနှင့် ဘာမျှပတ်သက်မနေသလို နှေးဖြေးစွာ ဖြတ်မောင်းသွားနေခဲ့သည် ....စသည်ဖြင့် အမေရိကန် အနုပညာလက်ရာမွန် ပုံကားတစ်ချပ်အပေါ်ဝယ် ကျွန်ုပ်တို့ သုံးသပ်ဖော်ပြလိုက်ရပေတော့သည်။

No comments:

Post a Comment