Monday, June 17, 2013

အနောက်တိုင်း အနုပညာ။ ရှဲလ်ဒန်း ဝီလျမ်၏ ``ရွှေတိဂုံစေတီတော်(၁၉၀၆)``.....အမည်ရ ပန်းချီကား။

အနောက်တိုင်း အနုပညာ။
ရှဲလ်ဒန်း ဝီလျမ်၏
``ရွှေတိဂုံစေတီတော်(၁၉၀၆)``.....အမည်ရ ပန်းချီကား။
လွန်လေပြီးသော အတိတ်ကာလ ``Once Upon A Time......``အကြောင်းအရာလေးများအကြောင်း ပြောပြသည့်အခါတိုင်း ကျွန်ုပ်တို့သည် ....``အချိန်သည် နှေးကွေးစွာ ရွေ့သွားနေစဉ်တုန်းက.....``ဟူသော စာသားလေးများဖြင့် ညွှန်းပြုလေ့ရှိရာတွင် ......လူတိုင်းလိုလိုပင် ရောင့်ရဲတင်းတိမ်မှုဖြင့် နှစ်သိမ့်ကျေနပ်နေနိုင်ခဲ့သော ထိုစဉ်ကာလ၊ မြန်မာ့သဘာဝပတ်ဝန်းကျင်ဆိုရာတွင်လည်း ....မြစ်ရေတွေက ကြည်လင်သန့်ရှင်း၊ တောတွေက ထူထဲနေခဲ့ကြကာ ကျေးငှက်နှင့် တောရိုင်း တိရိစ္ဆာန်လေးများ အစုံအလင်၊ ......လယ်သမား၊ လှေသမားများသည်လည်း ရိုးသားစွာ လုပ်ကိုင်စားသောက်ရင်း ကုသိုလ်ဒါန ပြုနိုင်၊ ....ဤသို့သော ခေတ်ကာလအနေအထားတွင် စေတီဘုရားကျောင်းကန်များဝယ် ရှုခင်းပသာဒ၊ ငြိမ်သက်အေးချမ်းမှု....ဟူသည် အပြည့်အဝရှိနေခဲ့မည် ဖြစ်ပါကြောင်း။ ရေဆေးလက်ရာဖြစ်သည့် ဤပုံကားလေးသည် .....မြူအပြာပါးပါးနှင့် တစ်ညနေ၊ ထန်းပင်အုပ်လေးများမှ လေတိုးသံ၊ ဇရပ်တန်ဆောင်းလေးများ၏ သက်ငြိမ်ခြင်း အလှ၊ ....ပြောနေစရာပင်မလိုသည့် ``ရွှေတိဂုံစေတီတော်``၏ ရွှေရောင်ဝင်းပ ခန့်ထည်သော အဆင်းသဏ္ဍာန်၊ .....ဤအနီးအနား ကြည့်မြင်တိုင်၊ စမ်းချောင်းရွာလေးမှ လာရောက်သည့် ဘုရားဖူးများကလည်း ...အပူအပင်ကင်းကင်းနှင့် စေတီတော်အား ဖူးမြော်ကြည်ညိုလျက်ရှိနေခဲ့ကြပေသည်။ သို့နှင့် လက်ရာမြောက်၍ ချစ်မြတ်နိုးဖွယ်ရာ .......ဥရောပရှေးလက်ရာ၊ ....ရှဲလ်ဒန်း၏ ရွှေတိဂုံစေတီတော် ပုံရိပ်ပန်းချီကားတစ်ချပ်အား မိတ်ဆွေများ နှစ်သက်ခံစားနိုင်ရန် ကျွန်ုပ်တို့ စီစဉ်တင်ဆက်လိုက်ရပေသည်။

No comments:

Post a Comment